ပွင့်ဖြူ အောက်တိုဘာ  ၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ် သွားနိုင်ရန်နှင့် ဒေသခံပြည်သူများ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာနိုင်စေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ထုတ်ဝေသည့် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြည်သူအားလုံးပါဝင်ပေး” အသိပညာပေး လက်ကမ်းစာစောင်များအား အောက်တိုဘာ ၉ ရက်၊ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကင်းဝေးစေလိုသည့် စေတနာ ပညာပေးဆောင်းပါး၊ ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်ချက်များ၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါသံသယရှိပါက  RDT Test Kits ဖြင့် အခမဲ့ ရောဂါရှာဖွေစစ်ဆေးရန်အတွက် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အဓိက သတင်းစကား(၁၀)ချက်နှင့် ပညာပေးလှုပ်ရှားဆောင်ရွက်ချက်များ၊ ကူးစက်ရောဂါ နှိမ်နင်းရေးဆိုင်ရာ ဥပဒေများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ စသည့် ပြည်သူများ သိသင့်သင့်ထိုက်သည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သိကောင်းစရာများ ပါဝင်ကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့မဈေးရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

 

ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး မြို့တွင်း ဖြတ်သန်း သွားလာသော ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌ နေထိုင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများ ရှောင်ရှားရန်၊ မဖြစ်မနေ အပြင်သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်ကြရန်၊ ကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်အကြိမ်ရေ ပြည့်မီအောင် ထိုးနှံကြရန် စသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို အသိပညာပေးဆွေးနွေး ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် နေ့စဉ် မိုဘိုင်းရွေ့လျားစစ်ဆေးယာဉ်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး RDT (Test Kits) ဖြင့် အခမဲ့ ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ အသံချဲ့စက် ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ လူထုလှုပ်ရှားမှု Mask Campaign ပြလုပ်ခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )