ဇမ္ဗူသီရိ အောက်တိုဘာ ၉
နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၉ ရက်နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၂) နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခြင်းမပြုသေးကြောင်းနှင့် အသက် (၁၂) နှစ်အထက် အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းက အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရာတွင် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်လိုအပ်ကြောင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးမင်း၊ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများနှင့် ဌာနဆိုင်ရာများက အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၆၈၈၇) ဦးအား အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)