လှိုင်းဘွဲ စက်တင်ဘာ ၉

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်-နောင်တိုင်-ခုဘိုင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က မဲဆမိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှေ့ အဆိုပါ လမ်းမုခ်ဦး၌ ကျင်းပသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊  တပ်မဟာ(၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးစောကြာအင်း၊ အမှတ်(၄)တပ်နယ်မှူးစောမုတ်သုန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မဲဆမိတ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒရအား ဖူးမြော်ကြည်ညို၍ ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မဲဆမိတ်အထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်နိုင်ထွန်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးလက်နေပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား နေရာအရောက် လိုက်လံပေးအပ်ခဲ့သည်။

 

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က မဲဆမိတ်-နောင်တိုင်-ခုဘိုင်း လမ်းမုခ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တွင်  မဲဆမိတ်ကျောင်းတိုက်ဆရာတော်နှင့် တာဝန်ရှိသူများက  အဆိုပါလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လမ်းဖွင့်ပွဲ ကဗ္ဗည်းမော်ကွန်းအား အမွေးနံ့သာ ရည်များ ပက်ဖျန်းပေးကြပြီး လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ယနေ့ဖွင့်လှစ်သည့် မဲဆမိတ်-နောင်တိုင်-ခုဘိုင်းလမ်း ၂ ဒသမ ၂၅၃ ကီလိုမီတာကို  ကရင်ပြည်နယ်  ကျေးလက်လမ်း ဖွံဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေါနလူငယ်ကုမ္ပဏီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၇၀ ဒသမ ၄၈၁ သန်းဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကော့လှိုင်း၊ ဝင်းစိန်း၊ နောင်တိုင်၊ ကွမ်ဘီ ကျေးရွာအုပ်စုများရှိ ကျေးရွာပေါင်း(၁၄)ရွာကို အကျိုးပြုနိုင်မည်ဖြစ်ကာ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းခင်းစီမံချက်ဖြင့် မဲဆမိတ်အထက်တန်းကျောင်း(ခွဲ)၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ မဲဆမိတ်နှင့်ရွာကိုင်းကောင်း ကျေးရွာ‌ရှိ ဒေသခံပြည်သူများအား နေ့ချင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်နေပေးမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ KNU ဘားအံခရိုင်ဥက္ကဋ္ဌ၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များသည် မဲဆမိတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒရအား နေ့ဆွမ်း  ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)