နေပြည်တော် အောက်တိုဘာ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ ငါးစီးဖြင့် အောက်ဆီဂျင် (အိုးခွံ) အလုံး၁၀၀၊ အောက်ဆီဂျင်ထုတ်စက်နှစ်ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၇၅၀ နှင့် နှာခေါင်းစည်း ၁၇ တန်တင်သွင်းခဲ့သည်။
အောက်တိုဘာ ၁ ရက်မှ ၉ ရက်အတွင်း ကုမ္ပဏီ ၂၄ ခုမှ ယာဉ်စီးရေ ၅၇ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် ၇၈ တန်၊ Storage Container နှစ်ခု၊ အောက်ဆီဂျင်(အရည်) Distributor သုံးခု၊ အောက်ဆီဂျင်(အိုးခွံ) ၈၆၉၂ခု၊ အောက်ဆီဂျင်ထုတ်သည့်စက် ၁၀ လုံး၊ အောက်ဆီဂျင်ထုတ်စက် နှစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၆၇၅ခု၊ Test Kit ၁၀၀၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၂၇၅၀၊ လက်အိတ် ၁၆ တန်နှင့် နှာခေါင်းစည်း ၂၃၄ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
အောက်တိုဘာ ၁ ရက်မှ ၉ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း လေးစီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင်ထုတ်စက် စုစုပေါင်း ၁၀ မှာ ရန်ကုန် မြို့သို့ ငါးခု၊ ကူမဲမြို့သို့ နှစ်ခု၊ မန္တလေးမြို့၊ ဟုမ္မလင်း မြို့နှင့် ကျုံဒိုးမြို့တို့ကို တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်