ညောင်လေးပင် အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာကို ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၄၀၀၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်း လမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက်လုပ်ငန်းတ ွေဖော်ထုတ်ပါတယ်၊ အဲဒီစီမံချက်လုပ်ငန်းတွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်တော်တို့ဦးစီးဌာနက ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ ငွေထည့်ဝင်မှု၊ လုပ်အားထည့်ဝင်မှုတွေနဲ့ စတင်ဆောင်ရွက်ပေးပါတယ်၊ ကျန်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်အဆင့်ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့စီမံကိန်း တစ်ခုဖြစ်ပါတယ်လို့" ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောသည်။
ညောင်လေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် ပေါက်တော၊ ဇရပ်ကုန်း၊ ခင်ကန့်လန့်ရွာသစ်၊ အင်းပုဝါ စသည့်ကျေးရွာလေးရွာအား စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သန်း ၄၀၀၊ ကျေးရွာပြည်သူတွေရဲ့ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး၊ ရေရရှိရေး အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)