ကြံခင်း အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ယနေ့ နံနက်ပိုင်းမှစပြီး ပုသိမ်မြို့မှ ကြံခင်းမြို့သို့ (၁၈၅)အဆန်နှင့် ကြံခင်းမြို့မှ ပုသိမ်မြို့သို့ (၁၈၆)အစုန် စာပို့ရထား ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာပို့ရထားသည် အမှတ်(၉) တိုင်းနယ်မြေအတွင်း လက်ရှိလော်ကယ်ရထားပြေးဆွဲရာမှ ရပ်နားထားပြီး ကုန်စည်စီးဆင်းမှုမြန်စေရန်နှင့် ခရီးသွားပြည်သူများ သက်သောင့်သက်သာသွားလာနိုင်ရန် စာပို့ရထား ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပြေးဆွဲရာတွင် (၁၈၅)အဆန် စာပို့ရထားသည် ပုသိမ်မြို့မှ နံနက်(၆)နာရီစတင်ထွက်ခွာပြီး ဟင်္သာတမြို့သို့ မွန်းတည့် ၁၂ နာရီတွင်ရောက်ရှိကာ ကြံခင်းမြို့သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အလားတူ (၁၈၆)အစုန် စာပို့ရထားသည် ကြံခင်းမြို့မှ နံနက်(၆)နာရီ စတင်ထွက်ခွာပြီး ဟင်္သာတမြို့သို့ နံနက် ၁၁ နာရီ ၄၁ မိနစ်တွင်ရောက်ရှိကာ ပုသိမ်မြို့သို့ ညနေ ၆ နာရီ ၂၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
စာပို့ရထား ပြေးဆွဲရာတွင် တွဲကြီး (၄)တွဲ၊ တွဲလေး တစ်တွဲ၊ ပါဆယ် တစ်တွဲ၊ ဘရိတ်တစ်တွဲဖြင့် တပ်ဆင်ပြေးဆွဲမှာဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် လက်မှတ်တစ်စောင်နှုန်း ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ ခရီးသည်များအား နှာခေါင်းစည်း Mask တပ်ဆင်ရန် အသိပညာပေး ပိုစတာများ ကပ်ထားပေးခြင်း၊ ခရီးသည်တစ်ဦးလျှင် ထိုင်ခုံ(၂)ခုံစီစဉ်ပေးခြင်းများ ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)