ရန်ကုန် အောက်တိုဘာ ၁၁

ရန်ကုန်မြို့တွင် ပြီးခဲ့သောလအနည်းငယ်အတွင်း၌ စက်သုံးဆီ စံချိန်တင်ဈေးမြင့်ခဲ့သော်လည်း ယခုရက် အနည်းငယ်အတွင်း စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ရန်ကုန်မြို့တွင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

“ဒီရက်ပိုင်းအတွင်း စက်သုံးဆီဈေးတွေ အနည်းငယ်တော့ ပြန်လည်ကျဆင်းလာတာတွေ့ရတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဆီဆိုင်တွေကို ပုံမှန်ဈေးအတိုင်း ရောင်းချပေးဖို့ နှိုးဆော်တယ်ကြားတယ်။ ကျွန်တော် အငှားယာဉ်မောင်းလုပ်တာ ဆယ်စုနှစ်ကျော်ခဲ့ပြီ။ တစ်ခါမှ အခုလောက်ထိ မရုန်းကန်ခဲ့ရဖူး ဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကဆို ဆီဈေးတွေက အတော်ကိုမြင့်တက်သွားတော့ ကားတောင်ရပ်နား ထားလိုက်ရတယ်” ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုမြင့်ကျော်က ပြောသည်။

ပြီးခဲ့သော စက်တင်ဘာလအတွင်းက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်း၍ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း၌ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စက်သုံးဆီရယူသုံးစွဲနိုင်ရေး နိုင်ငံတစ်ဝန်း စက်သုံးဆီအရောင်းဆိုင် ၂၁၃ ဆိုင်နှင့် ညှိနှိုင်းကာ အထူးဆိုင်များအဖြစ် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့အတွင်းရှိ အဆိုပါ သတ်မှတ်ဆိုင်များတွင် ကားများ တန်းစီဝယ်ယူမှုများရှိသဖြင့် တချို့ဆိုင်များမှာ လတ်တလော ပေါက်ဈေးထက်ဈေးနှုန်းချ ရောင်းရသဖြင့် သတ်မှတ်လီတာထက် အနည်းငယ်လျော့နည်း ရောင်းချမှုများလည်း ရှိနေကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။

ယင်းအထူးဆိုင်များကို ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီအရောင်းဆိုင်များ၌ စက်တင်ဘာ ၂၂ ရက်မှ စတင်ခဲ့ရာ Ron92 တစ်လီတာ လျှင် ၁၁၂၂ ကျပ်ဖြင့် လည်းကောင်း၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၁၁၇ ကျပ်ဖြင့် လည်းကောင်း၊ ပရီမီယမ်တစ်လီတာလျှင် ၁၁၂၄ ကျပ်ဖြင့် လည်းကောင်း အသီးသီး သတ်မှတ်ဈေးနှုန်းများအတိုင်း ပြည်သူများအတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြသည်။ သို့သော် ယင်းအထူး ဆိုင်များမှာ သတ်မှတ်ခွဲတမ်းကုန်လွန်သဖြင့် ယခုအခါ မူလအတိုင်း ပုံမှန်ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယနေ့စက်သုံးဆီအရောင်း ဈေးနှုန်းများမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၄၅၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၁၄၉၀၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ကျပ် ၁၄၇၀ ဖြစ်ပြီး ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၁၄၇၅ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။ စက်သုံးဆီ အရောင်းဆိုင်များအပေါ်မူတည်၍ ဈေးအနည်းငယ် ကွာခြားမှုရှိနိုင်သော်လည်း ယခင်လစက်သုံးဆီ ဈေးနှုန်းများထက် ဆိုင်တိုင်းတွင် အနည်းငယ်ကျဆင်း လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်၊ ဓာတ်ပုံ - မိုးမခ