ကျွန်းလှ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အတွင်းရှိ လယ်ယာမြေများတွင် ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ခြင်းကြောင့် မိုးစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးရာသီတွင် မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက်အဖြစ် ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာ၊ ရှမ်းစုကျေးရွာ၊ တပ်ကုန်းကျေးရွာ၊ မကျီးအင်းကျေးရွာတို့မှ တောင်သူ ၁၁ ဦးရွေးချယ်ပြီး ဧက ၃၀ စိုက်ပျိုးထားကြောင်း၊ ဧရာမင်းမျိုးစပါးနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးထားကြောင်း၊ ယခင်နှစ် မြို့နယ်ချုပ်စာရင်းအရ မိုးစပါး တစ်ဧက ၇၉ ဒသမ ၉၃ တင်းထွက်ရှိသော်လည်း ဒီနှစ် တစ်ဧကတင်း ၁၀၀ ထွက်ရှိရေး ကွင်းသရုပ်ပြ စံပြကွက်များ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ မိုးစပါး စံပြကွက်များ အထွက်နှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ပျိုးထောင်နည်းအဆင့်ဆင့်၊ သိပ္ပံနည်းကျစိုက်နည်းစနစ်၊ သမန်းနိုးခြင်း၊ ပေါင်းထိုးခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ရေသွင်းရေထုတ်မှန်ကန်ခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ ဓာတ်မြေဩဇာ အချိုးညီ အချိန်ကိုက် ထည့်သွင်းသုံးစွဲခြင်းနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးသီးနှံ ၃၄၈၉၉ ဧက စိုက်ပျိုးကြောင်း၊ မျိုးစေ့ထုတ်စံပြကွက် ဧက ၁၅၀၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက် ဧက ၃၀နှင့် ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြကွက်များ စိုက်ပျိုးကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)