တန့်ယန်း အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် ဦးစီးအရာရှိ ဒေါ်ကျင်းစန်းလွင်တို့က ၂၀၂၁-၂၀၂၂ ခု ပထမ(၆)လ ဘဏ္ဍရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများ ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မည့် စီမံကိန်းကျေးရွာများအား ရွေးချယ်ခဲ့ကြသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု ပထမ(၆)လ ဘဏ္ဍရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/တံတား၊ မီးလင်းရေး၊ ရေရရှိရေး လုပ်ငန်းတို့ကို ဦးစားပေးဆောင်ရွက်မည့် ကျေးရွာ(၄)ရွာအား ရွေးချယ်လျာထားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)