ရွှေကူ အောက်တိုဘာ ၁၁
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ နောင်ကုတ်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်စာစောင် လှူဒါန်းပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲခန့်က အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာကြည့်တိုက်အဆောက်အအုံဖွင့်ပွဲကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ ဗိုလ်မှူးကျော်မိုးသွင်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်၊ ရွှေဘုံသာကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာအုပ်စာစောင်လှူဒါန်းပွဲကို ဆက်လက် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက စာအုပ်စာစောင်ဝယ်ယူရန် အလှူငွေ ငါးသောင်းကျပ်၊ ရွှေကူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဆန်းဝင်းက စာအုပ်စာစောင်(၂၀) အုပ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက စာအုပ်စာစောင် (၅၀) တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါအဆောက်အဦအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထု ဗဟိုပြုစီမံကိန်း (စတုတ္ထနှစ် စက်ဝန်း)စီမံကိန်းမှ မတည်ငွေ (၁၃၅) သိန်း နှင့် ကျေးရွာလူထုထည့် ဝင်ငွေ (၂) သိန်းကျော် စုစုပေါင်းကုန်ကျငွေ (၁၃၇) သိန်းကျော်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အလျား ပေ(၃၀)၊အနံ ပေ(၃၀)၊ အမြင့် (၁၂)ပေရှိ တစ်ထပ်၊အုပ်ညှပ်၊သွပ်မိုး အဆောက်အဦဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)