တမူး အောက်တိုဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်က ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ နှစ်ရွာတွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ်သည့်အခါ ကျေးရွာသူ၊ ကျေးရွာသားများ၏ စီမံကိန်းလုပ်ငန်းများအပေါ် စိတ်အားထက်သန်မှုရှိသော ကျေးရွာ၊ စည်းလုံးညီညွတ်မှုရှိသော ကျေးရွာ၊ တက်ကြွစွာဆောင်ရွက်လိုမှုရှိသော ကျေးရွာနှင့် အကျိုးခံစားခွင့် အိမ်ထောင်စုများသော ကျေးရွာများအား ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များက တမူးမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမခြောက်လ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်ရန် သတ်မှတ်စံနှုန်းများဖြင့် ကိုက်ညီသော တီးတိန်ယံကျေးရွာနှင့် ရန်ငြိမ်းအောင်ကျေးရွာတို့ကို အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သန်းလွင်(မကွေး)