နေပြည်တော် အောက်တိုဘာ ၁၁

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် အောက်တိုဘာ (၁၀) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ အမှတ် (၇)လမ်းမကြီး (မြို့ပတ်လမ်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုလမ်းအပိုင်းသည် (၂၄)ပေအကျယ် ကွန်ကရစ်ခင်းပြီးပါက သွားလာရေး ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်ကြောင်း၊ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသည်လည်း ယခုအမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂)လမ်းမကြီးအကြားတွင် တည်ရှိသည့်အတွက် နောင်တစ်ချိန်တွင် ယာဉ်သွား လာမှုများပြားလာမည်ဖြစ်ကြောင်း၊ လမ်းနယ်ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အမှတ်(၇)လမ်းမကြီးနှင့် အမှတ်(၂)လမ်းမကြီးအကြားရှိပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊  ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်တို့မှ  တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူက အိမ်ရာစီမံကိန်း တွင် လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက အိမ်ရာစီမံကိန်းတွင် လဂွန်းအိမ် ရေလှောင်ကန်မှ ရေပေးဝေရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်နှင့်  ပတ်သက်၍ လည်းကောင်း အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ  လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်တို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊  ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းအခက်အခဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ရန်ကုန်မြို့ရှိ ဝင်ငွေနည်း ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် ယခုလိုအိမ်ရာစီမံကိန်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ်အချိန်မီ ပြီးစီးရေး၊ အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာစီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ယခုတည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အမှတ် (၇) လမ်းမကြီးနှင့် အမှတ် (၂) လမ်းမကြီးအကြားတွင် တည်ရှိပြီး ပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း (၃၁၀၄) ခန်း၊ အဆောက်အဦ (၁၉၄) လုံးကို သတ်မှတ်အချိန်မီ ပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ် (၂) လမ်းမကြီး ပြုပြင်ထိန်းသိမ်း ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် အဆိုပါလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၇၅/၇ နှင့် ၇၆/၀ ) အကြားတွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၀)မှ အရှည်ပေ (၄၅၀) ကျန်ချောင်းတံတား (အသွားလမ်း) လေးလမ်းသွား တိုးချဲ့တည်ဆောက်နေမှု တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်