နေပြည်တော် အောက်တိုဘာ ၁၁

ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများ တွင် ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေပြီး တောင်သူအတွက်ဝင်ငွေရ တွက်ခြေကိုက်သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် သီးနှံပုံစံများ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ (၉)ရက်က ရေသိုးရေလှောင်တမံ၏ ဝင်ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက နှစ်အလိုက်ဆည်ရေဝင်ရောက်မှု၊ ရေသိုလှောင်နိုင်မှုနှင့်  စိုက်ပျိုးရေ ပေးဝေနေမှု၊ ပင်မတမံရေထုတ်ပြွန်နှင့် ရေပို့လွှဲအဆောက်အအုံများ၏ ကြံ့ခိုင်မှုဆိုင်ရာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုကိုလည်းကောင်း၊ ဘူမိရူပ စူးစမ်းလေ့လာ တိုင်းတာခြင်းနှင့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီး က မိုးရာသီကာလ ပုံမှန်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ရေဝင်ရေထွက်နှင့် တမံလုံခြုံရေးဆိုင်ရာ မှတ်တမ်းများ စနစ်တကျထားရှိဆောင်ရွက်ရေး၊ မိုးစပါးအောင်ရေနှင့် နွေသီးနှံအတွက် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရေး လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။ 

ရေသိုးရေလှောင်တမံသည် တမံအလျား ပေ (၇၅၀)၊ တမံအမြင့် ပေ (၆၀) ရှိပြီး မြေသားတမံ အမျိုးအစားဖြစ်သည့် ရေသိုးရေလှောင်တမံ၌ လက်ရှိအချိန်တွင် ကန်ရေပြည့် သိုလှောင်ထားနိုင်လျက်ရှိပြီး ရေထုတ်ပြွန်နှင့် ရေပို့လွှဲမှာ သံကွန်ကရစ် အမျိုးအစားဖြစ်ကာ လယ်မြေဧရိယာ ဧက(၂၀၀၀)နှင့် အခြားသီးနှံစိုက် ဧရိယာ ဧက(၃၀၀၀)တို့ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိသည့်အပြင် ဒေသနေပြည်သူများ၏ တစ်နှစ်တာ သောက်သုံးရေ လိုအပ် ချက်နှင့် ဘောဓိကုန်း(အုတ်တွင်း) သကြားစက်ရုံ လည်ပတ်ရာတွင် လိုအပ်သော စက်ရုံသုံးရေ၊  လုပ်သားသုံးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်