နေပြည်တော် အောက်တိုဘာ ၁၁

 ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘက်ဂျက်(၆)လအတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်း ဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုကို တင်ပြခြင်း (Online)အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အစည်းအဝေးတွင် သစ်တောဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က   ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေနှင့် RNH ကို ရေးဆွဲဆောင်ရွက်ခြင်းသည် UN Decade on Ecosystem Restoration 2021−2030 တွင် အချိန်ကိုက် ပါဝင်ဆောင်ရွက်မှုတစ်ခု ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စွမ်းဆောင် ရည်မြှင့်တင်ခြင်း သင်တန်းများကိုလည်း ပို့ချပေးထားပြီးဖြစ်ပြီး သင်တန်းများတွင် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာလုပ်ငန်းများအပြင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ ပို့ချချက်များကိုလည်း ထည့်သွင်းပို့ချပေးခဲ့ပါကြောင်း၊ ဥယျာဉ်/ဘေးမဲ့တော (၁၉) ခုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် RNH လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သည်ကိုလည်း (၃)လပတ်၊ (၆)လပတ်နှင့်  နှစ်ချုပ်အစီရင်ခံစာများမှတစ်ဆင့် တွေ့ရှိရပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် RNH လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ဝန်ထမ်းများ လုံခြုံရေးအခြေအနေကြောင့် အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းမရှိ ခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရပါကြောင်း။

ယနေ့အစည်းအဝေးတွင် ဥယျာဉ်/ဘေးမဲ့တော (၁၉) ခုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီ ဘက်ဂျက် (၆)လတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားမှုနှင့် ဆောင်ရွက်မည့်အစီအမံများကို ပြည်စုံစွာတင်ပြသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများ နှင့် ဥယျာဉ်/ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်