နေပြည်တော် အောက်တိုဘာ ၁၁

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သ‌ဘောတူစာချုပ်အဖွဲ့ (UNFCCC) အတွင်းရေးမှူးရုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၏ အလှည့်ကျ ဥက္ကဌဖြစ်သူ ဘူတန်နိုင်ငံ တော်ဝင်အစိုးရက အိမ်ရှင်အဖြစ်ဦးဆောင်၍ “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု ဝန်ကြီးများ အစည်းအဝေး”ကို ယနေ့ညနေပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အဖွဲ့ဝင် ၄၆ နိုင်ငံမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူတက်ရောက် ဆွေးနွေးသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘူတန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E Dr. Tandi Dorji၊ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗန်းရှင်း အတွင်းရေးမှူး H.E Patricia Espinosa၊        ၂၆ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ ဥက္ကဌ၊ အင်္ဂလန်နိုင်ငံမှ  Mr. Archie Young ၊ ၂၅ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ ဥက္ကဌ၊ ချီလီနိုင်ငံမှ Mr. Julio Cordano တို့ကအဖွင့်မိန့်ခွန်းပြောကြားပြီး တက်ရောက်လာကြသည့် LDC အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက နိုဝင်ဘာလတွင် ကျင်းပမည့် 26th Conference of the Parties (COP 26) တွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအုပ်စုအနေဖြင့် အဖွဲ့၏ ရပ်တည်ချက်နှင့် ဦးစားပေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုသည် လူမှုစီးပွားဖွံ့ဖြိုးမှုနှင့် ရှင်သန်မှုအပေါ် အဓိက ခြိမ်းခြာက်နေသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စုအနေဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရန်အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ သစ်တောနှင့် မြေအသုံးချမှုကဏ္ဍ၊ ပြန်ပြည့်မြဲနှင့် စွမ်းအင်ချွေတာရေးကဏ္ဍများအတွက် ရည်မှန်းချက်များ ပါဝင်သည့် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေး ဆိုင်ရာလုပ်ငန်း အစီအစဉ် (NDC) ကို (UNFCCC)အတွင်းရေးမှူးရုံးသို့ တင်သွင်းပြီးဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်အလွယ်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ရာသီဥတု ဒဏ်ခံနိုင်ရည် ရှိစေရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများသည် နိုင်ငံ၏ ဦးစားပေး လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှစ၍ ရာသီဥတုဆိုင်ရာလုပ်ငန်းများ အကောင်အထည် ဖော်ရန် ဖွံ့ဖြိုးပြီး နိုင်ငံများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကို ကတိကဝတ်အတိုင်း ထည့်ဝင်စေရေး၊  ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အထောက်အပံ့ရရှိရေး၊ ဆင်းရဲမှု လျှော့ချရေး၊ အမျိုးသားအဆင့် လိုက်လျောညီထွေ ရှိစေခြင်းအစီအစဉ် အကောင်အထည် ဖော်ရေး၊ ရေရှည်ရန်ပုံငွေ အထောက်အပံ့မြှင့်တင်ရေးတို့ကို အလေးပေးဆောင်ရွက်ရန်လိုပါ ကြောင်း၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအုပ်စု၏ ရပ်တည်ချက်များကို ထင်ဟပ်သည့် သင်ဖူး ရည်မှန်းချက်နှင့် လုပ်ဆောင်ချက် ဆိုင်ရာအဆိုပြုကြေငြာချက် (Thimphu Call for Ambition and Action) ကို အပြည့်အဝထောက်ခံပါကြောင်း၊ ယနေ့အစည်းအဝေးမှ (COP 26) တွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအုပ်စု၏ အဓိကရပ်တည်ချက်များကို ခိုင်မာစွာပြသနိုင်ရန် စေ့စပ်ညှိနှိုင်းရေး ရလဒ် ကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။ 

ပါရီရည်မှန်းချက်အရ ကမ္ဘာ့အပူချိန်တိုးမှုကို 1.5oC တွင် ထိန်းချုပ်နိုင်ရေးအတွက် ကာဗွန် ထုတ်လွှတ်မှု အများဆုံးနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေး ရည်မှန်းချက်များ မြှင့်တင်ဆောင်ရွက်ရန်၊ ပါရီသဘောတူညီချက် ကတိကဝတ်နှင့်အညီ နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလျံ ၁၀၀ ထည့်ဝင်ရန်၊  စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အပံ့များပေးရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု၏ NDC ပါ ရည်မှန်းချက် များ၊ ရာသီဥတုဒဏ်ခံနိုင်မှုရှိစေရေးနှင့် လိုက်လျောညီထွေရှိစေရေးလုပ်ငန်းများကို တိုးမြှင့်ဆောင် ရွက်ရန်၊ ရာသီဥတုဆိုးကျိုးကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရန်ပုံငွေအထောက်အပံ့ရရှိရန်၊ ကာဗွန် ဈေးကွက်ဆိုင်ရာနည်းဥပဒေများ ရေးဆွဲချမှတ်ရန်၊ ၂၀၅၀ တွင် အသားတင်ကာဗွန် ထုတ်လွှတ်မှုနှင့် ဖယ်ရှားမှုမျှခြေအထိ ရောက်ရှိစေရန် အချက်များပါဝင်သည့် သင်ဖူးရည်မှန်းချက် နှင့်လုပ်ဆောင်ချက်ဆိုင်ရာ အဆိုပြုကြေညာချက်ကို (COP 26) တွင် တင်ပြနိုင်ရေးအတွက် အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်