နေပြည်တော် အောက်တိုဘာ ၁၁

နေပြည်တော်တွင် ရေပေးဝေရေးဆောင်ရွက်သည့် ချောင်းမကြီးဆည်၌ နှစ်စဉ် ရေဝင်ရောက်မှုကျဆင်းလာခဲ့ပြီး ရေစုဆောင်းနိုင်မှုပမာဏ မူလဧကပေ(၄၀၀၀၀) မှ (၁၉၆၃၃) ဧကပေအထိ လျော့နည်းခဲ့သောကြောင့် လုံလောက်စွာ ရေပေးဝေရေးအတွက် အနီးပတ်ဝန်း ကျင်ရှိဆည်များမှ ရေကူရေတင်စနစ်များ ဆောင်ရွက်ခဲ့ရသည်။ ယခု ရက်ပိုင်းတွင် နေပြည်တော်ဒေသတစ်ဝိုက် မိုးကောင်းစွာရွာသွန်းမှုကြောင့် ချောင်းမကြီးဆည် အတွင်း ရေဝင်ရောက်မှုကောင်းမွန်ပြီး ဆည်အတွင်းဝင်ရောက်သော ရေဝင်ပေါက်များ ကောင်းမွန်စေ ရေး၊ ရွာသွန်းသောမိုးရေများကို စနစ်တကျ စုဆောင်းနိုင်ရေးအတွက် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ချောင်းမကြီးဆည်နှင့် ရေဝင်ရောက်ရာ ချောင်းများနှင့် ဆည်ရေလျှံမှု များကို သွားရောက်စစ်ဆေးသည်။ 

ထို့နောက် ရေပေးဝေသည့် Intake Tower ရေတံခါးများအခြေအနေ၊ ရေတွန်းပို့သည့် Pontoon နှင့် Motor Pump များ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ချောင်းမကြီးဆည်သို့ ရေဝင်ရောက်ရာ ချောင်းများဖြစ်သည့် ချောင်းမငယ်ချောင်းနှင့် ချောင်းမကြီးချောင်းများ၏ ရေစီးဆင်း ဝင်ရောက် နေမှုကို သွားရောက်စစ်ဆေးခဲ့သည်။ ဆက်လက်၍ ဉတ္တရသီရီမြို့သို့ ရေပေးဝေလျက်ရှိသော ဉတ္တရသီရိဆည်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဉတ္တရသီရိဆည်၏ ရေပြည့်မှတ်ရောက်ရှိမှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု၊ တမံကြံ့ခိုင်ရေးနှင့် ရေပိုလွှဲကြံ့ခိုင်ရေး အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး လာမည့်နှစ်များတွင် ၎င်းဆည်မှရေကို ပိုမိုသိုလှောင်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်