ချင်းရွှေဟော် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့ ကျေးရွာ အသီးသီးတွင် နေထိုင်ကြသည့် ကိုးကန့်တိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးရှာမွေလခွန် ဦးဆောင်ကာ လုံထန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးသို့ အဖွဲ့များခွဲ၍ ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လက်ရှိဒေသမှာ အမြဲနေထိုင်ကာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသည့်သူများ၊ အိမ်ထောင်စုစာရင်းမှာလည်းမပါဝင် ကိုင်ဆောင်လက်မှတ်လည်း မရှိတဲ့သူများ၊ ရွှေ့ပြောင်းနေထိုင်တဲ့သူများအတွက် ယခင်နေထိုင်ခဲ့တဲ့ မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသမှာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် အသက်(၁၀)နှစ်ပြည့်ပြီးသူများ၊ နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်နိုင်ရေးအတွက် အသက်(၁၈) နှစ်ပြည့်ပြီးသူများ၊ အိမ်ထောင်စုစာရင်းတွင် မပါဝင်သေးသည့် မွေးဖွားပြီးသူများ၊ သေဆုံး စာရင်းများအား စစ်တမ်းကောက်ယူပြီး အောက်တိုဘာ (၁၈) ရက်မှစတင်ကာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်