ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများတို့မှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်း သူ(၄၈၀၉)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၄၄၂၉)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၉)ဦးနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၄၁)ဦး စုစုပေါင်း(၄၈၀၉)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ကာကွယ်ဆေးရရှိချိန်တွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့ (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ ကော်မတီများကိုလည်း ဖွဲ့စည်းထားပြီးဖြစ် သည်။
ကာကွယ်ဆေး ထိုးနှံချိန်တွင် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးကို ကူညီ စောင့်ရှောက်ပေးနိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံခင် ဆရာ၊ ဆရာမများကိုလည်း ကျွမ်းကျင်ပညာ ရှင်များက သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


