ပေါင်းတည် အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီက သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေးနေကြောင်း ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ် ဆေးထိုးစုရပ်များအလိုက် ဒေသခံပြည်သူများက စိတ်အေးချမ်းစွာ လာရောက်ထိုးနှံကြရာ ယနေ့ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)