ကျောက်ဆည်၊  အောက်တိုဘာ  ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် တောင်သူများ လူမှုဘဝမြင့်မားစေရေးအတွက် ယနေ့နံနက်(၁၀)နာရီက   လူထုအခြေပြုဗဟိုဌာနတွင် ပိုက်ဆံလျှော်အကြောင်း နည်းပညာပေး ဆွေနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပိုက်ဆံလျှော်သီးနှံပင်သည် ကြီးထွားမှုလျှင်မြန်သည့် သဘာဝ သစ်စိမ်းမြေဩဇာအဖြစ် ထင်ရှားခြင်း၊ တောက်ပသော အဝါရောင်ပန်းပွင့်ပြီး ထောင်မတ်၍ ကိုင်းဖြာသည့် တစ်နှစ်ခံပင်ဖြစ်ခြင်း၊ အပင်ပိုင်းကြီးထွားမြန်သကဲ့သို့ အမြစ်ပိုင်းဆိုင်ရာ ကြီးထွားမှုအားကောင်းသည့် အပင်ဖြစ်ခြင်း၊ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ တိုးပွားရုံသာမက အပေါ်ယံမြေဆီလွှာ တိုက်စားမှုကာကွယ်ခြင်း၊ မြေအောက်ရေထိန်းပေးခြင်း၊ မြစ်ဖုနီမတုတ်ကျရောက်မှုကို ခံနိုင်ရည်ရှိခြင်း၊ HP ၅-၇ တွင် မြစ်ဖုထွက်မှုကို ဟန့်တားခြင်း၊ အခြေအနေ ပေးပါက ရက်(၆၀)ခန့်တွင် အပင်အမြင့်(၃)ပေ၊(၆)လက်မနှင့် ရက်(၉၀)ခန့်တွင် (၅)ပေ(၄)လက်မ ရောက်ရှိ နိုင်ခြင်းစသည့် ပိုက်ဆံလျှော်၏ အရည်အချင်းလက္ခာများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မို့မို့စိုးက ပိုက်ဆံလျှော် စိုက်ပျိုးရာတွင် PH ၅ -၈.၅ ရှိသော မည်သည့်မြေအမျိုးအစားမဆို စိုက်နိုင်ပါကြောင်း၊ နုံးမြေသည် အသင့် တော်ဆုံးဖြစ်သော်လည်း မြေညံ့သည့် သဲဆန်သောဒေသများတွင် အခြားသီးနှံစိုက်ပျိုးမရပါက ပိုက်ဆံလျော် စိုက်ပျိုးနိုင်ပါဖြစ်ကြောင်း၊ သစ်စိမ်းမြေဩဇာအတွက်စိုက်ပါက တစ်ဧကလျှင် တန်းကြား(၁)ပေ၊ ပင်ကြား (၄)လက်မ၊ မျိုးစေ့(၂.၅)ပြည်နှုန်း၊ ကြဲပက်စိုက်ပျိုးပါက (၄.၆)ပြည်နှုန်း သုံးစွဲရမည်ဖြစ်ကြောင်း၊ မျိုးစေ့များကို မြေအနက်(၆-၈)လက်မခန့်ထိ ချစိုက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးရက်(၃၀)အတွင်း ရေ(၁)ကြိမ်သာပေးသွင်း ရမည်ဖြစ်ကြောင်း၊ မျိုးစေ့ထုတ်စိုက်ခင်းမှ တစ်ဧလျှင်(၆-၈) တင်းနှုန်းထွက်ရှိကြောင်းနှင့် မိုးရာသီ သစ်စိမ်း မြေဩဇာပြုလုပ်ရာတွင် စိုက်ခင်းမှ (၁)ဧကအတွက် (Biomass)(၅တန်မှ၇တန်)ရရှိ မည်ဖြစ်ကြောင်း၊ ရာသီဥတုအခြေအနေပေးပါက စိုက်ပျိုးပြီး(၈-၁၂) ပတ်အတွင်း(Biomass)(၁၀)တန်လျှင် နိုက်ထရိုဂျင်ပမာဏ (၁၅၀)ကီလိုဂရမ်အထက် ထုတ်ပေးနိုင်ကြောင်း၊ စိုက်ပြီး(၄၀-၅၀)ရက်သား ပန်းမပွင့်မီအချိန်သည် နိုက်ထရိုဂျင် ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်ကြောင်း ပိုက်ဆံလျှော်ပင်၏ စိုက်ပျိုးနိုင်သည့် မြေအမျိုးအစားများနှင့် သစ်စိမ်း မြေဩဇာပြုလုပ်နည်းများအကြောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)