ကျောက်ဖြူ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာ၊ ဆယ်မာအူးလ်အွန်ဒုန် ဘက်စုံသုံးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီက လူထုစကားဝိုင်းဟောပြောပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆယ်မာအူးလ်အွန်ဒုန် မလကျွန်းကျေးရွာ ကော်မတီ အဖွဲ့တို့ပူးပေါင်း၍ အဆိုပါခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခင်စိုး က စပါးစိုက်ပျိုးရာတွင် သမားရိုးကျ စိုက်ပျိုးရေးနည်းစနစ်များကိုသာ လိုက်နာကျင့်သုံးမည်ဆိုပါက ထွက်ရိုးထွက်စဉ် စပါးကိုသာရရှိမည့်ဖြစ်ပြီး၊ စပါးအထွက်နှုန်းပိုစေရန် မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီဥတု မှန်အောင်စိုက်ပျိုးမှသာ ထွက်နှုန်းကောင်းမှာဖြစ်ပါကြောင်း၊ ယခု တိုးတက်လာသည့် ခေတ်နှင့်အညီ မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်းကြောင့် မြေဆီပျက်ဆီးခြင်းများဖြစ်ပေါ်ခြင်း၊ မြေဩဇာ ဈေးနှုန်းများမြင့်မားလာသည့်အတွက် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ခင်မာအောင်က 'စာအုပ်စာပေ လူမိတ်ဆွေ' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆယ်မာအူးလ်အွန်ဒုန် မလကျွန်းကျေးရွာစီမံချက် ဖြင့် ဆောင်ရွက်နေသည့် ၂၀၂၀- ၂၀၂၁ ခုနှစ် စီမံကိန်းကာလလွန် ကျေးရွာအတွင်းရှိ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသော လုပ်ငန်းများအတွက် ၁၈၉ ဦးအား သိန်း ၆၀ ကျော်ထုတ်ချေးထားပြီးဖြစ်ကာ ကျေးရွာနေပြည်သူများ ဗဟုသုတကြွယ်ဝစေရန်နှင့်ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်လူငယ် များပေါ်ထွက် လာစေရန်ရည်ရွယ်ပြီး ခုလို အသိပညာပေးဟောပြောပွဲများကို နှစ်စဉ်ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ဆယ်မာအူးလ်အွန်ဒုန် မလကျွန်းကျေးရွာ စီမံကိန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးသွင်ထံမှ သိရသည်။
သတင်း/ဓာတ်ပုံ- ဖြိုးဝေလင်း