ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်) အနေဖြင့် အရေးပေါ်အခြေအနေများ၊ မတော်တဆမှု ဖြစ်ပွားသည့် အခြေအနေများတွင် ရှေးဦးပြုစု ခြင်း အတတ်ပညာဖြင့် ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီပေးခြင်း၊ ဆေးရုံသို့ ပို့ဆောင်ခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်၌ ယမန်နေ့က တောင်သူကုန်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ကလေးငယ်တစ်ဦး အဖျားတက်ကာ အကြောကပ်နေသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် အကူအညီ တောင်းခံသဖြင့် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးပြီး ပါရမီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ကြက်ခြေနီအသင်း (အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်း၊ စေတနာ့ လုပ် အားရှင်များနှင့် တာဝန်ရှိသူများက အကူအညီတောင်းခံသည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ လူနာများအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးခြင်း၊ လူနာတင်ယာဉ်ကားများဖြင့် သက်ဆိုင်ရာ ဆေးရုံများသို့ အသီးသီး ပို့ဆောင် ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကြက်ခြေနီအသင်း(အင်းစိန်) အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် အတူ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပြီး ပင်စင်ထုတ်ရက်များတွင်လည်း အင်းစိန်မြို့နယ်၊မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွား များကို ကျန်းမာရေးစောင့်ရှောက်မှု ပေး လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)