ကျိန္တလီ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် တောင်သူ ဦးသိန်းဝင်း၏ ဦးပိုင် အမှတ် (၈၉/၁) ၊ ကွင်းအမှတ်(၂၆၂) စိုက်ကွင်းတွင် အောက်တိုဘာ ၁၂ နံနက် ၈ နာရီက EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ လက်တွေ့ပြုလုပ်နည်း သရုပ်ပြပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေ့ဦးစွာ ကျိန္တလီမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတင်မောင်မြင့်က ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်မားနေ၍ တောင်သူများ အပြည့်အဝမသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းများ ကျဆင်းမှုမရှိစေရေး ၊ စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေး ၊ လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာကို တစ်ဧကလျှင် စပါးခွံ(၂)အိတ် ၊ မြေပဲခွံ(၂)အိတ် ၊ ဖွဲနု(၂၀)တောင်း ၊ နွားချေ(၄)အိတ် ၊ EMအပြင်း(၁၅၀) စီစီ ၊ တင်လဲရည်(၁၅၀)စီစီ ၊ ရေ(၂၀)လီတာတို့ ပါဝင်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

           

အဆိုပါ နည်းပညာလက်တွေ့သရုပ်ပြပွဲသို့ ကျိန္တလီမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက EM ဘိုကာချီသဘာဝဓါတ်မြေသြဇာ ပြုလုပ်နည်းစနစ်များကို လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြပြီး တောင်သူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

ခိုင်မိုးမင်း(ပြန်/ဆက်)