ဂျီနီဗာ အောက်တိုဘာ ၁၃
အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို အကာအကွယ်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ကူညီကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။
အန်တိုနီယိုဂူတာရက်စ်သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် အောက်တိုဘာ ၁၁ ရက်က မိန့်ခွန်း ပြောကြားခဲ့ပြီး အာဖဂန်နစ္စတန်၏ စီးပွားရေးမှာ ပျက်စီးယိုယွင်းနေသည့် အခြေအနေဟု ပြောသည်။ အထူးသဖြင့် ငွေကြေးပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်ဟုလည်း ပြောသည်။ စီးပွားရေးမှာ ပြိုလဲနေပြီး ဘဏ်များလည်း ပိတ်ထားရကြောင်း၊ အခြားသော အရေးပါသည့် ဝန်ဆောင်မှုလုပ်ငန်းများလည်း ပိတ်ထားရသည်ဟု ၎င်းက ဆက်ပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အချို့သော နေရာများတွင် ရပ်နားထားရသည်။ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းရှိ ပြည်သူများထံရောက်ရှိရန် ငွေကြေး လှူဒါန်းမှုများ ပြုလုပ်သင့်သည်ဟုလည်း တောင်းဆိုခဲ့သည်။
အကယ်၍ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက အကူအညီမပေးလျှင် အာဖဂန်အများအပြားမှာ နေအိမ်များမှ ထွက်ပြေးလာမည်ဖြစ်ပြီး အကြမ်းဖက် မှုကွန်ရက်မှာလည်း တိုးလာဖွယ်ရှိသည်ဟု သတိပေး ခဲ့သည်။
အာဖဂန်နစ္စတန်တွင် အမျိုးသမီးများ ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း တာလီဘန်များ ထံမှ အာမခံချက်ရရှိရန် တောင်းခံခဲ့သည်။ သြဂုတ်လအတွင်း တာလီဘန်တို့ အာဏာပြန်လည်ရရှိပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နေရာများတွင်ရှိသည့် အာဖဂန်အစိုးရ၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခံထားရသည်။
အင်န်အိတ်ချ်ကေ