နတ်မောက်   အောက်တိုဘာ  ၁၃

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ ဂွေးတောက်ကုန်းကျေးရွာရှိ ဒေသခံပြည်သူမျာ းအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခန့်က ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကဆောင်ရွက်ပေးခဲ့ရာ ၃(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၂၂)ဦး၊ မ(၁၉)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း (၄၄)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူ များအနက် မူလဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

                                                                                                             

မြို့နယ်(ပြန်/ဆက်)