မုဒုံ အောက်တိုဘာ ၁၃

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ၂နာရီက မုဒုံမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ  နှစ်ရှည်သီးနှံသုတေသနနှင့်  နည်းပညာဖွံဖြိုးရေးခြံသို့  သွားရောက် ကြည့်ရှု စစ်ဆေးသည်။ 

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးတောင်သူများအတွက် မိသားစုဝင်ငွေပိုမိုရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာနည်းစနစ်မှန်စိုက်ပျိုးရေး၊  သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များ လွယ်လင့်တကူရရှိနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီး အခြေခံဘက်စုံ စိုက်ပျိုးမွေးမြူရေး စံပြစိုက်ကွင်း ၃၂ ဧကတွင် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု စစ်ဆေးသည်။ 

ထို့နောက်ခြံတာဝန်ရှိသူတစ်ဦးက  ဘက်စုံ စိုက်ပျိုး၊ မွေးမြူရေး စံပြစိုက်ကွက် ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ စိုက်ခင်းအတွင်း ဆောင်ရွက်ထားရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြပေးပြီး မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးကစိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ရွှေဇီဝ သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်နေမှုကို  သွားရောက်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက တင်ပြခဲ့မှုအပေါ် လိုအပ်သည်များကို မှာကြားသည်။

မွန်ပြည်နယ်တွင် ဒေသထွက်ကုန်သီးနှံဖြစ်သည့် ရော်ဘာ၊ အခြားသီးနှံများဖြစ်သည့် ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်အပါအဝင် စီးပွားဖြစ်နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိစေလိုကြောင်း၊ မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးမှု မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သကဲ့သို့၊ ရော်ဘာအထွက်နှုန်းအပြင် အခြားဒေသထွက် သီနှံများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်စိုက်ပျိုးလျက်ရှိကြောင်း၊ တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်ရရှိရေး၊  အထွက်နှုန်း ကောင်းမွန်စေရေးနှင့် ပြည်ပဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် စိုက်ပျိုးရေး၊ ပညာပေးခြင်းလုပ်ငန်းများ အပါဝင် အခြားလိုအပ်သည်များကိုလည်း ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

အောင်မျိုးသူ(ပြန်/ဆက်)