လဟယ် အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မြို့မရပ်ကွက် မူလတန်းလွန်ကျောင်း၌ ယနေ့ နံနက်(၉)နာရီ အချိန်က ကလေးငယ်ဘဝသင်ယူမှုတတ်မြောက်ခြင်း လိုင်းနောင် (နာဂ) စာပေဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် လိုင်းနောင်(နာဂ)စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး သင်ကြားရာတွင် မိမိတို့ရိုးရာဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ မပျောက်ပျက်စေရန် ရည်ရွယ်၍ သင်ကြား ပို့ချပေးလျက်ရှိရာ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့မှ ခွင့်ပြုချက်ဖြင့် ပညာရေး စာသင်ကျောင်းများတွင်စာသင်ချိန် တစ်ချိန် ထည့်သွင်းကာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
၎င်းသင်တန်းကို အောင်တိုဘာလ(၁၃)ရက်မှ (၁၇)ရက်နေ့အထိ နည်းပြဆရာ၊ ဆရာမ(၃)ဦးတို့မှ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ စုစုပေါင်း(၅)ရက် ကြာမြင့်မည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ သင်တန်းသူ၊ သင်တန်းသားစုစုပေါင်း(၂၇)ဦး တက်ရောက် သင်ယူကြမည်ဖြစ်ကြောင်း သိရသည်။
ပါမင်းလှိုင်(လဟယ်)