မှော်ဘီ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင် ပွဲတော်ကာလများသို့ ရောက်ရှိတော့မည်ဖြစ်ပါသဖြင့် ယင်းကာလများကို အကြောင်းပြု၍ မီးရှူး မီးပန်းများ ဗြောက်အိုးများ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ပစ်ဖောက်ခြင်းများမပြုလုပ်ကြရန် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စုတို့မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် အများပြည်သူ သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)