ဆိုးလ် အောက်တိုဘာ ၁၄
တောင်ကိုရီးယားအစိုးရက နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲနေထိုင်သွားမည့် လမ်းပြမြေပုံ တစ်ရပ် ရေးဆွဲလျက်ရှိကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါ အစီအစဉ်တွင် ပြည်သူများ၏ လူနေမှုဘဝနှင့် စီးပွားရေး သာယာဝပြောစေရေးအတွက် ပြန်လည်ကုစားသည့် နည်းလမ်းများ ပါဝင်မည် ဖြစ်သည်။
တောင်ကိုရီးယားအစိုးရက အဆိုပါအစီအစဉ်ကို ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ်ဆွေးနွေး လျက်ရှိပြီး ယခုလအတွင်း ယင်းအစီအစဉ်ကို တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ခံရသူ ၁၀၀၀ ရှိပြီး ဇူလိုင်လအတွင်း ကူးစက်ခံရသူအရေအတွက် စံချိန်တင် မြင့်တက်ခဲ့သည်။ သို့သော် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းအစီအစဉ်ကို အရှိန်မြှင့် ဆောင်ရွက်လျက် ရှိသည့်အတွက် နေ့စဉ် သေဆုံးသူအရေအတွက်နှင့် ပြင်းထန်သော အဖျားဝေဒနာခံစားရမှု အရေအတွက် လျော့ကျလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်သည်။
သို့သော် နိုင်ငံအတွင်း၌ ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများကို ဆက်လက်ချမှတ်ထားဆဲ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားရသည့် စီးပွားရေးအခြေအနေကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် တဖြည်းဖြည်းချင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် ကင်ဘူကျွမ်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်