ကော့ကရိတ် အောက်တိုဘာ ၁၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ် - မြဝတီအာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄နှင့် ၁၅၅အကြား နတ်စင်ကွေ့အဆင်း၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မြဝတီမှ ရခိုင်ပြည်နယ်နေရပ်ပြန်များအား တင်ဆောင်လာသည့် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဥ်မှာ မြဝတီမြို့မှ ​ကော့ကရိတ်မြို့ဘက်သို့ ယာဉ်မောင်း မြင့်မြတ်ငြိမ်း ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာပြီး ရခိုင်ပြည်နယ်နေရပ်ပြန် (၂၂)ဦးတို့အား တင်ဆောင်လာသည့်  ယာဉ်အမှတ် YGN 2D/---- HYUNDAI အမျိုးအစား အနီရောင်မှန်လုံယာဉ်သည် အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၅၄နှင့် ၁၅၅အကြား နတ်စင်ကွေ့အရောက်တွင် အရှိန်လွန်တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ ယာဉ်မောင်း မြင့်မြတ်ငြိမ်းနှင့် ယာဉ်နောက်လိုက် တောင်ဒဂုံမြို့နေသူ ဝေလင်းနိုင်တို့မှာ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ပြီး စီးနင်းလိုက်ပါလာသူများအနက် ၉ ဦးမှာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်နေရာသို့ ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ခံနှင့် အသင်းသားများက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စောအောင်မျိုးလွင် (ပြန် / ဆက်)