ကျောက်ဖြူ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာ၊ ဆယ်မာအူးလ်အွန်ဒုန် ဘက်စုံသုံးခန်းမ၌ ယနေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဆယ်မာအူးလ်အွန်ဒုန် မလကျွန်း ကျေးရွာကော်မတီအဖွဲ့တို့ပူးပေါင်းပြီး လျှပ်စစ်အန္တရာယ်ကာကွယ်ရေးသင်တန်း ပို့ချပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ် အန္တရာယ်အသိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အကြီးတန်းစာရေး ဦးထွန်းလင်း က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကစတင်၍ မလကျွန်းကျေးရွာအား လျှပ်စစ်မီး စတင်သွယ်တန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် အသိရှိဖို့နဲ့ သတိရှိဖို့လိုအပ်ပါကြောင်း ဒါမှသာ လျှပ်စစ်အန္တရာယ်ကင်းဝေးနိုင်မှာဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ဝါယာကြိုးများ ကိုသာအသုံး ပြုရန်နှင့် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက လက်ကမ်းစာစောင်တွင်ပါရှိသော ဌာန၏အရေးပေါ် ဖုန်းနံပါတ်များကို ဆက်သွယ်ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဇေယျာမင်းက လျှပ်စစ်အန္တရာယ်ကင်းစေရေး သတိပြုရမည့်အချက်များအား ဟောပြောပို့ချခဲ့ပြီး သင်တန်းအား မလကျွန်းကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများနှင့် ဆယ်မာအူးလ်အွန်ဒုန် မလကျွန်း ကျေးရွာကော်မတီအဖွဲ့များ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- ဖြိုးဝေလင်း