ကော့သောင်း၊ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှေ့ဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေအား ကြည့်ရှုကာ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့၊ ရွှေမင်းဝံ ပုညကုသလ ဘုန်းတော်ကြီးကျောင်းနှင့် ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ လှူဖွယ်ပစ္စည်းများအားလည်းကောင်း ၊ ရွှေပြည်သာရပ်ကွက်၊ ပတ္တမြားပရိယတ္တိစာသင်တိုက် စာသင်သံဃာများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်းများအားလည်းကောင်း၊ မလိဝမ်းဘုန်းတော်ကြီး သင်စာသင်ကျောင်းတွင် မိဘမဲ့ကလေးများအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်းများအား လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် တဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံကုမ္ပဏီလီမီတက်မှ တာဝန်ယူတည်ဆောက်မည့် အောက်ဆီစက်ရုံသို့လည်းကောင်း ၊ အေးမြကန်သာရပ်ကွက်၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိ သူများအားလမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)