ပေါက်ခေါင်း အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ဌာနဆိုင်ရာများ၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူအလှူရှင်များ၊ရပ်ဝေးရပ်နီးမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် 30 Nm3/n စက် အမျိုးအစား အောက်ဆီဂျင် ထုတ်စက်ရုံဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံကြီးရှိ အဆိုပါစက်ရုံရှေ့၌ ပြုလုပ်သည်။
ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအောင်မျိုးမြတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ဒေါက်တာအောင်မျိုးမြတ်၊ ဒု-ဥက္ကဋ္ဌ ဦးအုန်းလွင် နှင့်အဖွဲ့ဝင် ဦးထင်လင်းသူတို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံမှ တစ်နေ့လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အလုံး ၁၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ အောက်ဆီဂျင်အသုံးပြုရန် လိုအပ်သည့်နေရာများသို့ အခမဲ့ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)