မိတ္ထီလာ အောက်တိုဘာ ၁၄

မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သည့် ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် သီတင်းကျွတ်လဆီမီးထွန်းညှိပူဇော်ပွဲအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ သုံးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ဓမ္မသုခရွှေစည်းခုံစေတီတော် ရင်ပြင်တော်မှာ သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနဲ့အညီ သုံးရက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နေ့နဲ့ သီတင်းကျွတ်လပြည့် ၁ ရက်နေ့ သုံးရက်ကျင်းပပူဇော်မှာ ဖြစ်ပါတယ်။ ခါတိုင်း နှစ်တွေတုန်းကတော့ ဓမ္မသုခရွှေစည်းခုံစေတီတော်ရဲ့ သီတင်းကျွတ်လ ဆီမီးထွန်းညှိပူဇော်ပွဲကို ၅ ရက်တိုင်ကျင်းပပြုလုပ်တာဖြစ်ပေမယ့် ဒီနှစ်တော့ အခြေအနေအရ ၃ ရက်ပဲ ကျင်းပပူဇော်မှာ ဖြစ်ပါတယ်”ဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုး က ပြောသည်။

အဆိုပါ ဓမ္မသုခရွှေစည်းခုံစေတီတော်၏ သီတင်းကျွတ်လဆီမီးထွန်းညှိပူဇော်ပွဲအား သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ဖြစ်သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှ  သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ဖြစ်သည့် အောက်တိုဘာလ ၂၁ ရက်နေ့အထိ နေ့စဉ်ညနေ ၆ နာရီမှ စတင်ကာ သုံးရက်တိုင်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ (မိတ္ထီလာ)