အုတ်ဖို အောက်တိုဘာ ၁၄

           

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စားသုံးဆီ ဖူလုံရေးအတွက် ဆောင်းသီးနှံနေကြာသီးညှပ် စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီ ၃၀ က ကျင်းပပြုလုပ်ခဲ့ သည်။

           

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းမှ နေကြာမျိုးစေ့ ထောက်ပံပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ မိမိတို့မြို့နယ်အနေဖြင့် ယခုလက်ရှိမှာ ဆီထွက်သီးနှံအဖြစ် မြေပဲနှင့်နှမ်းသာစိုက်ပျိုးထားရှိပြီး မိုးရာသီနှင့် ဆောင်းရာသီ  မြေပဲစိုက်ဧက (၂၀၀၀)၊ နှမ်းစိုက်ဧက (၁၅၀၀)သာရှိသဖြင့် ဆီဖူလုံမှု ၃၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် ရာနှုန်းပြည့် ဆီဖူလုံမှုရရှိနိုင်စေရန် နေကြာမျိုးစေ့ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း သို့မှသာ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများဖူလုံစွာရရှိလာမှာဖြစ်ကြောင်း ပြောကြားသည်။

           

ထို့နောက် ကျေးရွာအုပ်စု(၁၅)အုပ်စုမှ ဆောင်းသီးနှံနေကြာသီးညှပ်စိုက်ပျိုးတောင်သူ (၇၆)ဦး၏ နေကြာစိုက်ပျိုးဧက (၂၃၄)ဧက အတွက် တစ်ဧကလျှင်(၂)ပြည်နှုန်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)