ပွင့်ဖြူ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှု တိုးလာခဲ့သဖြင့် အောက်တိုဘာ ၁၅ ရက် နံနက် ၆ နာရီ တိုင်းထွာရာတွင် တမံ ရေပိုလွှဲမှ (၂ ဒသမ ၉ )ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုများပြီး တမံရေပြည့်မှတ်ဖြစ်သည့် ပေ ၃၄၀ အထက် ရေပိုလွှဲမှ (၈)ပေကျော်ခန့်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ အောက်တိုဘာလဆန်းပိုင်းတွင် မိုးရွာသွန်းမှု ရပ်တန့်သွားသဖြင့် တမံရေပိုလွှဲမှ ( ၁ ဒသမ ၅)ပေခန့် ရေကျော်ကျမှု ရှိခဲ့ပြီး ယမန်နေ့က ထပ်မံ၍ မိုးရွာသွန်းခဲ့မှုကြောင့် ယနေ့ နံနက် (၆)နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ ( ၂ ဒသမ ၉ ) ပေခန့် ဆက်လက်ရေကျော်ကျနေကြောင်း သိရသည်။ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေနှင့် တမံအတွင်း မိုးရေ ဝင်ရောက်မှုအခြေအနေအား စိုးရိမ်ဖွယ်ရာမရှိကြောင်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ သိရှိနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မဲဇလီဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ (နွေ ၊ မိုး ၊ ဆောင်း ) သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်သို့ စိုက်ပျိုးရေများ ပို့လွှတ်ကာ ဖြန့်ဝေပေးလျက်ရှိ၍ ဒေသခံတောင်သူများ စိုက်ပျိုးရေလုပ်ငန်းအတွက် အဓိကမှီခိုအားထားရသည့် တမံတစ်ခုဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )