ငဖဲ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးများရွာသွန်းမှု ကြောင့် တောင်ကျချောင်းရေနှင့် မိုးရေများဝင်ရောက်လာပြီး မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည် ရေလှောင်တမံ ရေပိုလွှဲများမှ အောက်တိုဘာ ၁၃ ရက်နေ့ကစ၍ ရေကျော်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆက်လက်ရေကျော်ကျလျက်ရှိနေကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။

အဆိုပါမန်းချောင်းရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၂၅ ပေဖြစ်ပြီး ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေအမှတ်မှာ ၆၂၅.၂ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၀.၂)ပေနှင့် ရင်းရှည်ရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၀၂ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၀၂.၃ ပေ ရှိသည့် အတွက် ရေပြည့်အမှတ်ထက် (၀.၃)ပေခန့် ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိနေသည်။ 

မြို့နယ်အတွင်းရှိ ရေလှောင်တမံ၊ ရေပိုလွှဲများနှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်း မွန်ကြောင်းနှင့် တမံများ၏အောက်ဘက်ရှိ ကျေးရွာများမှ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း အသိပေး ဆောင်ရွက်ထားရှိ၍ (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)