နေပြည်တော် အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ နဝဒေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ၊ စခန်းမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်ရှိ ရုံးဌာန အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များတက်ရောက်ကြသည်။ 

ရှေးဦးစွာ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှု၊ ယင်းသို့ဆောင်ရွက် ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် လုပ်ငန်းများ လွယ်ကူလျင်မြန် စေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးမှု၊ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှု အောက်ရှိ ရုံးဌာနများမှ တပ်မတော်သားများနှင့် မိသားစုဝင်များကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့်တာဝန်ရှိသူများက ပေးအပ်ကြရာ ကတ်ပြားလျှောက်ထားကြသူများနှင့် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ 

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအပေါ် စခန်းမှူးရုံး၊ စခန်းမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
 
အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်ရှိ ရုံးဌာနအသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၄၀၂) စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၃၆၄) ကတ်ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်