ညောင်ဦး အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးပေါ်ချိန် ဈေးကောင်းရရှိခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ညောင်ဦးမြို့နယ် ညောင်နီကျင်းကျေးရွာ ခရမ်းချဉ်စိုက်ပျိုးတောင်သူ ဦးတင်စိုးထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးမှု ယခုနှစ်တွင်များပြားခဲ့ကာ ခရမ်းချဉ်သီး စတင်ပေါ်ချိန်က တစ်ပိဿာ ၁၂၀၀ ကျပ်ထိ ရောင်းချခဲ့ရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းထက် ကျော်လွန်ခဲ့ကြောင်း ဦးတင်စိုးက ဆက်လက်ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုများပြားကာ ကျေးလက်တောင်သူများ စိုက်ပျိုးသည့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မနှစ်က မိုးခေါင်၍ သီးနှံမရခဲ့သမျှ ဒီနှစ်အထူးအထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း၊ ယခု ခရမ်းချဉ်ပင်ကိုလည်း ဒေသအခေါ် ကိုင်းခရမ်းချဉ်ဟုခေါ်ဆိုပြီး ခရမ်းချဉ် ပျိုးထောင်ခြင်းအား မြေဘောင်ပြုလုပ်ပြီး အစေ့ချ ပျိုးထောင်ရကြောင်း၊ ဒေသမျိုးရင်းကို ပျိုးထောင်စိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ် သက်သာကြောင်း၊ မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကလည်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများ အပင်သန်မာထွားကြိုင်း၍ အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်း ကောင်းမွန်ပြီး ခရမ်းချဉ်သီး ထွက်ရှိမှုလည်းကောင်းကြောင်း၊ ခရမ်းချဉ်သီး ပွဲစားများလည်း ခရမ်းချဉ်ခင်းနှင့်နီးသည့် နေရာများထိ ကားများ၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူခြင်းများကြောင့် မြို့ပေါ်ဈေးကွက်သို့ သွားရောက်ရောင်းချခြင်း မပြုရဘဲ ကယ်ရီသယ်ဆောင်ခပါ သက်သာခြင်းများကြောင့် ညောင်ဦးမြို့နယ် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)