ပွင့်ဖြူ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ ဘက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ကျေးရွာခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကို အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု စေတကူကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့် သင်ခန်းစာ များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေါင်းဆောင်တစ်ဦး၏ စွမ်းဆောင်ရည်နှင့် လုပ်ငန်း တာဝန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာ(၅)ရွာမှ သင်တန်းသား (၂၅)ဦးအား သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက်အအုံ များ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ရေအလေအလွင့်ဆုံးရှုံးမှုကို လျှော့ချခြင်း၊ ရေအရင်းအမြစ်နှင့် သစ်တောအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အစရှိသည့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သင်ခန်းစာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျန်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဝင်ကျေးရွာ (၈)ရွာမှ ကော်မတီဝင်များကိုလည်း အောက်တိုဘာ စတုတ္ထပတ်အတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းကြောင့် ကျေးလက်နေပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား လာခြင်း၊ တာဝန်ယူမှု တာဝန်ခံမှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများကို လျှော့ချလာနိုင်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)