နေပြည်တော်၊ အောက်တိုဘာ - ၁၆

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနာ့သိပ္ပံသာမဏေကျော်စာသင်တိုက်၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သီတဂူ ကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တတိက္ခသာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ် ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော် များအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် သာသနာ့သိပ္ပံ သာမဏေကျော်စာသင်တိုက်၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် နဝကမ္မ အလှူငွေကျပ်သိန်း ၁၅၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)