ကွမ်းလုံ  အောက်တိုဘာ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် ပန်ဟိုင်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားများအား ယနေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ အိမ်ထောင်စုစာရင်းတွင်လည်းမပါဝင် ကိုင်ဆောင်လက်မှတ်လည်း မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် အသက်(၁၀)နှစ်ပြည်ပြီးသူများ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား လဲလှယ်နိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား စစ်တမ်းကောက်ယူပြီး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြန်မာနိုင်ငံတွင် မွေးဖွားပြီး မည်သည့်လက်မှတ်မျှ ကိုင်ဆောင်ခြင်းမရှိသောပြည်သူများအား နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှု မရှိစေရေးအတွက် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်ခွင့်ရရှိစေရန်နှင့် ရွေးကောက်ပွဲကျင်းပရာတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်တိုင်း ကတ်ပြားတစ်မျိုးမျိုးဖြင့် မဲပေးနိုင်ရန် ရည်ရွယ်၍  ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဖြိုးမမ(ကွမ်းလုံ)