နေပြည်တော် အောက်တိုဘာ ၁၆

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည်  အောက်တိုဘာ ၁၅ ရက်  ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရုရှားအစိုးရပိုင် ZARUBEZHNEFT JSC မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုန်းတွင်း/ ကမ်းလွန်လုပ်ကွက်များကို ရှာဖွေတူးဖော်ထုတ်လုပ်နိုင်ရေး၊ အစိုးရအချင်းချင်းတိုက်ရိုက် ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ချမှတ်ဆောင်ရွက်နိုင်ရန် Working Groups များဖြင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။           

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr.Vasily Viktrovich Shpak နှင့် အဖွဲ့အားတွေ့ဆုံ၍ ရေနံ၊သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ၊ မိမိတို့နိုင်ငံရှိ အင်ဂျင်နီယာများအတွက် မွမ်းမံ သင်တန်းပေးနိုင်ရေး ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအသုံးပြုရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)