ပွင့်ဖြူ   အောက်တိုဘ   ၁၆

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အညာကျေးလက်နေတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကိုအမှီပြု၍ ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံအား နွေ၊ မိုး၊ ဆောင်း သုံးရာသီ စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုရက်ပိုင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ခန့် ရောင်းချနေရ၍ ခရမ်းချဉ်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အညာကျေးလက်နေ တောင်သူအများစုမှာ စိုက်ပျိုးရေးလုပ်ငန်း ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် စပါး ၊ နှမ်း ၊ မြေပဲ ၊ ပဲတီစိမ်း ၊ ကုလားပဲ ၊ နေကြာ ၊ ဖူးစားပြောင်းသီးနှံနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံတို့ကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့တောင်သူ များမှာ ကိုယ်ပိုင်စက်ရေတွင်းများဖြင့် ဥယျာဉ်ခြံမြေများပြုလုပ်ကာ ငှက်ပျော ၊ သင်္ဘော ၊ ပိန္နဲ ၊ သရက် ၊ သနပ်ခါး ၊ မန်ဂျန်ရှား ၊ လျှောဖြူ စသည့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ စိုက်ပျိုးသည့်သီးနှံများမှာ စိုက်ပျိုးရေနှင့် ရာသီဥတုမျှတ ကောင်းမွန်မှုကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ မြို့နယ်က စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် အညာကျေးလက်နေပြည်သူများက စိုက်ပျိုးရေး လုပ်ငန်းကို အားထားလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရာမှာ နေ့စဉ် မိသားစုစားဝတ်နေရေး အတွက် ငွေဝင်ရရှိတဲ့ ခရမ်းချဉ် ၊ ငရုတ် ၊ ကြက်သွန် ၊ ဘူး ၊ ရွှေဖရုံ ၊ သခွါး ၊ ခရမ်း ၊ ကိုက်လံ ၊ မုန်လာဥဖြူ ၊ ပန်းမုံလာ၊ တိုင်ထောင်ပဲ၊ ကန်စွန်း၊ ပဲရှည်သီး စတဲ့ စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ တစ်ချို့တောင်သူတွေကလည်း ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြတယ်။ ကျွန်တော်တို့ ဒေသဟာ  စိုက်ပျိုးရေအဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေလည်းကောင်းတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင် ဖြစ်ထွန်းမှုရှိပါတယ်။ ခုရက်ပိုင်းဆိုရင် ခရမ်းချဉ်စိုက်ပျိုးတောင်သူတွေ ဝင်ငွေကောင်းကြပါတယ်။ အရင်လတွေက ခရမ်းချဉ်သီးတစ်ပိဿာကို ငွေကျပ် (၄၀၀၊ ၅၀၀)လောက်ပဲ ရောင်းနေရပြီး ခုရက်ပိုင်းမှာ ခရမ်းချဉ်သီး တစ်ပိဿာကို ငွေကျပ် ၁၅၀၀ လောက်ရောင်းချနေရလို့ လုပ်ငန်းအဆင်ပြေနေကြပါတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့ တောင်သူတွေဟာ စိုက်ပျိုးရေးကို မိရိုးဖလာနည်းနဲ့သာ စိုက်ပျိုးလုပ်ကိုင်ကြပြီး ခုနောက်ပိုင်းမှာ စိုက်ပျိုးရေးကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ အထွက်နှုန်းကောင်းမွန်စေတဲ့ စိုက်ပျိုးရေနည်းစနစ်တွေကို သိရှိနားလည်လာပြီဖြစ်လို့ တောင်သူအများစုက စိုက်ပျိုးရေးကို ကောင်းကောင်းမွန်မွန် စိုက်ပျိုးလုပ်ကိုင်လာ နိုင်ကြပြီဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ရဲဝင်းနိုင်(ညောင်ဦး)