ရန်ကုန် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂)လမ်းနှင့် မြို့ပတ်လမ်းထောင့် မစိုချောင်းဘေး လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရန်ကုန်မြို့တော်ရေပေးဝေမှုဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ Nihon Suido Consultants Co.,Ltd မှ တာဝန်ရှိသူက လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှု များကိုလည်းကောင်း၊ Authentic ZMG JV မှ တာဝန်ရှိသူက ဒဂုံမြို့သစ်(၄)မြို့နယ် ရေပေးဝေရေးလုပ်ငန်း အားလည်းကောင်း ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ယခုဘဏ္ဍာရေးနှစ်ကုန် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် MCEF မှ အဆောက်အဦ အလုံး (၃၀) နှင့် MLCA မှ အဆောက်အဦ (၁၀)လုံး ပြီးစီးရေး ဆောင်ရွက်သွားရန်၊ MCEF မှ ၄၆ ရာခိုင်နှုန်း၊ MLCA မှ ၃၃ ရာခိုင်နှုန်းသာ ပြီးစီးသည်ကို တွေ့ရသဖြင့် လုပ်ငန်း တိုးတက်မှုမရှိသည့် ကုမ္ပဏီများအား ခေါ်ယူညှိနှိုင်းပြီး တွန်းအားပေးဆောင်ရွက်စေရန်၊ စီမံကိန်း ဝင်း Landscaping အတွက် အရိပ်ရအပင်ကြီးများ စိုက်ပျိုးရန်၊ စီမံကိန်းဧရိယာ ခြံစည်းရိုး ကာရံရန်နှင့် အိမ်ခန်းများ အငှားချပြီးချိန်တွင် ဆောင်ရွက်ရမည့် စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရန်”တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၁ နာရီတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် သရက်ပင်ချောင် ကျေးရွာသို့ သွားရောက်၍ ပဲခူးမြစ်လမ်း (ကျားကြီးရေတံခါးနှင့် ဘုရင့်နောင်လမ်းအကြား) အရှည်ပေ ၁၇၉၈၂ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၁၁ လက်မကွန်ကရိခင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)