ပွင့်ဖြူ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက် ၊ နံနက် ၆ နာရီ ၁၅ မိနစ်အခန့်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး စိန်ဖူးတော်ငှက်မြတ်နားတော်နှင့် အရံစေတီ(၈)ဆူ ထိခိုက်ပျက်စီးခဲ့သည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဒုတိယအဆင့်ထီးတော်မှ စိန်ဖူးတော်ငှက်မြတ်နားတော်အထိ ထီးမဏ္ဍိုင် မြောက်ဘက်သို့ ကွေးညွတ်သွားခဲ့ပြီး အရံစေတီ(၁၀၈)ဆူအနက်မှ ရာဟုထောင့်အရံစေတီ(၂)ဆူ ၊ စနေထောင့် အရံစေတီ (၂)ဆူ ၊ အင်္ဂါထောင့်အရံစေတီ(၄)ဆူ တို့မှာ မြောက်ဘက်သို့ ယိမ်းယိုင်သွားခဲ့ကြောင်း ၊ ထို့အပြင် အရှေ့ဘက်ရှိ နတ်လမ်း ပြဿဒ်ထီးတော်ပြုတ်ကျခဲ့ပြီး မာမကာတန်ဆောင်းပန်းဆွဲများလည်း ပြုတ်ကျပျက်စီးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ကျောင်းတော်ရာ - လယ်ကိုင်းသွားကားလမ်းဘေး(ဝဲ ၊ ယာ)ရှိ သစ်ပင်များ ပြိုလဲကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရကာ ပြည်သူများ သွားလာရေးအခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ခံ မီးသတ်ဦးစီးမှူး ဦးမျိုးထွဋ်ခိုင် ဦးဆောင်သော သန္ဓေ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက နယ်မြေရဲတပ်ဖွဲ့ဝင်များ ၊ ကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )