mdn

တာချီလိတ်   အောက်တိုဘာ   ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ လွဲပြောင်းလာသည့် နေရပ်ပြန်ပြည်သူ အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၁၅၁ ဦး စုစုပေါင်း ၄၀၀ ကို အောက်တိုဘာ ၁၆ ရက်က မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံကြိုဆိုခဲ့ကြသည်။

ထိုသို့ စိစစ်လက်ခံရာတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြပြီ နေရပ်ပြန် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးသာ ပိုးတွေ့ရှိခဲ့ပြီး ၄င်းကို ကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ပိုး မတွေ့ရှိသည့် နေရပ်ပြန်ပြည်သူ ၃၉၉ ဦးကို ဝမ်လုံး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ခေတ္တထားရှိပြီး တတိယမြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေး၍ ပိုးကင်းစင်မှသာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

ယာဆေး(ပြန်/ဆက်)