ရန်ကုန် အောက်တိုဘာ   ၁၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဗဟန်းမြို့နယ်၊ အနောက် မြင်းပြိုင် ကွင်းလမ်းဆုံ၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ယူ ဆောင်ရွက်နေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ထု ၁၁ လက်မရှိ လမ်းသားတင်ကွန်ကရိ ခင်းကျင်းပြီးစီးနေမှုနှင့် အနောက်မြင်းပြိုင်ကွင်း လမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ တာဝန်ယူဆောင်ရွက်နေသော တောင်ဉက္ကလာပမြို့နယ်၊ မာဃလမ်းရှိ ကျိုက္ကဆံချောင်းကူး တံတား (မာဃ) ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်  ဧရာဝဏ်လမ်းမကြီး အတိုင်း  ကျောက်တိုင်မှတ်တိုင်မှ မြင်တော်သာလမ်းအထိ အရှည် ၃၆၈၉ ပေ၊ အကျယ် ၈ ပေ၊ ထု ၇ လက်မရှိ လူသွားစင်္ကြံ စက်ဘီးလမ်း ခင်းကျင်းနေမှုကိုလည်းကောင်း၊ ဒေါပုံ မြို့နယ် စက်ရုံလမ်း သာကေတ တံတားဟောင်း အဆင်းမှ ဒေါပုံကော်ဇောစက်ရုံ၊ ယင်းမှ မင်းနန္ဒာလမ်း ရွှေပုဇွန်မုန့်တိုက်အထိ အရှည်ပေ ၃၀၀၀ ခန့် လူသွားစင်္ကြံ စက်ဘီး စီးလမ်း ခင်းကျင်းနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။ 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ် ပြည်လမ်း ပညာရေး တက္ကသိုလ်ရှေ့တွင်  အောက်တိုဘာ ၁၇ ရက် က မိုးသက်လေပြင်းကျရောက်မှုကြောင့် ပြိုလဲသွားသည့် နှစ်ရှည်ကုက္ကိုပင်အား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်း အင်အားများ အပါအဝင် စက်ယန္တရားများဖြင့် ခုတ်ထွင်ရှင်းလင်း နေမှုများကို ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာဌာနများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်