မြို့သစ် အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံရေပိုလွှဲမှ အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ(၅၆၀ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက်( သုည ဒသမ တစ်ပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၈၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုည ဒသမ ရှစ်ပေခန့်)ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး ပုလင်းဆည် ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ ( ၆၈၆ ဒသမ ၁၀)ပေရှိသည့်အတွက် ရေပြည့်အ မှတ်ထက် (၁ ဒသမ ၁ပေခန့်) ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံများ၏ ရေပိုလွှဲမှရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)