မင်းဘူး အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့အခြေခံပညာအထက်တန်း ကျောင်း၌ အောက်တိုဘာ ၁၉ ရက်နံနက်ပိုင်းက အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေးများ ပထမအကြိမ်အဖြစ် ထိုးနှံပေးနေမှုကို ခရိုင်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်သို့ လာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ကိုဗစ် ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး တွေ့ဆုံကာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်ရောဂါ ကင်းစင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အားပေးစကားများ ပြောကြားပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရမည့် သတ်မှတ်ရက်တွင်လည်း လာရောက်ထိုးနှံကြရန် မှာကြားသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းလာရောက်အပ်နှံထားသူ ကျောင်းသားဦးရေ (၆၂၆၃)ဦးအား Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် မင်းဘူး(အ.ထ.က-၁)၊ စကု(အ.ထ.က)၊ ဆင်ခေါင်း၊ ရွာသာယာ၊ လေးပင်၊ ဆည်တော်၊ မုန်တောင်၊ ကျောက်စံ၊ ခန်ကုန်း စသည့် အခြေခံပညာ အထက်တန်းကျောင်းခွဲများတွင် ဆေးထိုးစုရပ်(၉)နေရာခွဲ၍ တတိယမြောက်နေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရခြင်း မပြုလုပ်ရသေးသော ကျောင်းသားနေဖြင့်လည်း လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)